ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” (FENGAL) သတင်း အမှတ်စဉ်(၁၇/၂၀၂၄)

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” (FENGAL) သတင်းအမှတ်စဉ် (၁၇/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

(က)   ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” (FENGAL) အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” (FENGAL) သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်ဘက် ရေမိုင် ၇၆၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၅ မိုင်ခန့်နှင့် ပူဒူချယ်ရီမြို့ (Puducherry)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၄၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၉၉၄ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင်  ၅၀ မိုင်နှုန်းခန့် ဖြစ်ပါသည်။

(၂)      ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ပါသည်။

(ခ)     ခန့်မှန်းချက်

(၁)     အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်” သည် အနောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး၊ ယနေ့ညပိုင်းတွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေကို ပူဒူချယ်ရီမြို့ (Puducherry) အနီးမှ ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။

(၂)      အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဖန်ဂယ်လ်”၏ အရှိန်ကြောင့် နောက် (၂၄) နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။

Sign Up

Upcoming Events