အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၈/၂၀၂၄)

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၇) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ် (၀၈/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

(က)    အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်- အနောက် တောင်ဘက် ရေမိုင် ၇၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၂၇၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၁၀၀၁ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့်ဖြစ်ပါသည်။

(၂)      အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ပါသည်။

(ခ)     ခန့်မှန်းချက်

(၁)     အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ ယနေ့ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ထိုမှတစ်ဆင့် နောက် (၂) ရက်အတွင်း သီရိလင်္ကာ နိုင်ငံကမ်းခြေအနီးမှ ဖြတ်ကျော်ပြီး၊ အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

(၂)      အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် (၂၈-၁၁-၂၀၂၄) ရက်နေ့မှ   (၃၀-၁၁-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။

Sign Up

Upcoming Events