၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၅/၂၀၂၄)” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-
(က) အားကောင်းသောမုန်တိုင်းငယ်အခြေအနေ
(၁) ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ် အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ်(Deep Depression) မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း မြို့ (Coco Island)၏ အနောက်တောင်ဘက် ရေမိုင် ၇၇၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၄၀၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ ဗဟိုချက်လေဖိအား ၁၀၀၂ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၃၅ မိုင်နှုန်းခန့်ဖြစ်ပါသည်။
(၂) အားကောင်းသောမုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့် ဟု သတ်မှတ်ပါသည်။
(ခ) ခန့်မှန်းချက်
(၁) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ (၂၇-၁၁-၂၀၂၄) ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) အဖြစ်သို့ ပိုမိုအားကောင်းလာနိုင်ကာ ထိုမှတစ်ဆင့် မြောက်- အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၂) ရက်အတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးကမ်းခြေနှင့် သီရိလင်္ကာနိုင်ငံကမ်းခြေအနီးတို့သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။
(၂) အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် (၂၈-၁၁-၂၀၂၄) ရက်နေ့မှ (၃၀-၁၁-၂၀၂၄)ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင် ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာနိုင်ပါသည်။