အထူးမိုးလေဝသတင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၉:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

အထူးမိုးလေဝသတင်း

၁။  ယနေ့မြန်မာစံတော်ချိန် (၁၇:၃၀) နာရီအချိန် တိုင်းထွာချက်များအရ ထိုင်းနိုင်ငံအရှေ့ပိုင်းဒေသများတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ၊ ထိုင်းနိုင်ငံကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်လျက်ရှိပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ၊ (၂၃-၉-၂၀၂၄) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

၂။      အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များ၏အရှိန်ကြောင့် ယနေ့ညမှ (၂၅-၉-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။

အကြံပြုချက်

၃။      သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ် ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ် များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

 

Sign Up

Upcoming Events