အထူးမိုးလေဝသသတင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အထူးမိုးလေဝသသတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

အထူးမိုးလေဝသသတင်း

၁။        ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ လာအိုနိုင်ငံအလယ်ပိုင်း ဒေသများကို ဖြတ်ကျော်ခဲ့သော ကုန်းတွင်းမုန်တိုင်းငယ်သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ထိုင်းနိုင်ငံ အရှေ့ပိုင်းဒေသများသို့ရောက်ရှိခဲ့ကာ၊ လေဖိအားနည်းဆဲလ်အဖြစ်သို့ အားလျော့သွားခဲ့ပြီး ဖြစ်ပါသည်။ အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များသည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၂၄) နာရီအတွင်း မြန်မာနိုင်ငံ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ကပ္ပလီ ပင်လယ်ပြင်မြောက်ပိုင်းတို့ကို ဆက်လက်ဖြတ်ကျော်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ထိုမှတစ်ဆင့် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကာ၊ (၂၃-၉-၂၀၂၄) ရက်နေ့တွင် ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်း၌ လေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

၂။       အဆိုပါ လေဖိအားနည်းဆဲလ်နှင့် အကြွင်းအကျန်တိမ်တိုက်များ၏အရှိန်ကြောင့် ယနေ့ နေ့လယ်မှ (၂၅-၉-၂၀၂၄) ရက်နေ့အတွင်း နေပြည်တော်၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကယား ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသ အလိုက်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (တောင် ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

အကြုံပြုချက်

၃။      သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသ အနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်း ရေကြောင်းသွားလာရေးနှင့် လေကြောင်း ပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။       

Sign Up

Upcoming Events