အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သတင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သတင်း

(က)    အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀) နာရီအချိန် တိုင်းထွာချက်များအရ အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားပြည်နယ်နှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ် (Deep Depression) သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေပါသည်။

(ခ)    နောက် (၄၈) နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက် လက်ရွေ့လျားနိုင်ပြီး၊ နောက် (၄၈) နာရီအတွင်း အိန္ဒိယနိုင်ငံ၊ ကုန်းတွင်းပိုင်းဒေသများကို ဆက်လက်ဖြတ်ကျော်နိုင်ကာ၊ မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် ယနေ့နေ့လယ်မှ (၁၅-၉-၂၀၂၄) ရက်နေ့အတွင်း မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာ အနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ် များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင် သတိပြုနိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Sign Up

Upcoming Events