အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “အားကောင်းသောမုန်တိုင်းငယ်(Deep Depression)သတင်း ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်-

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အခြေအနေ

(­­­က)    အားကောင်းသောမုန်တိုင်းငယ်အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ပတ်တု(အ)ခါလီမြို့အနီးမှ ဖြတ်ကျော်ခဲ့သော မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့်   ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တွင် အားကောင်းသောမုန်တိုင်းငယ်(Deep Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။

  (ခ)    နောက် (၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး၊ နောက် (၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ်နှင့် ဂျက်ခမ်းပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်နိုင်ပြီး၊ မုန်တိုင်းငယ် (Depression)အဖြစ်သို့ အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ)  သတိပေးနှိုးဆော်ချက် 

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၈ ပေမှ ၁၀ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက် 

သို့ဖြစ်ပါ၍ အားကောင်းသောမုန်တိုင်းငယ်၏အရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ် နိုင်ပါသဖြင့် မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ် ပါသည်။

Sign Up

Upcoming Events