မုန်တိုင်းငယ်(Depression)သတင်း

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့ မြန်မာစံတော်ချိန် (၂၂:၃၀) နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “မုန်တိုင်းငယ်(Depression)သတင်း” ကို အောက်ပါအတိုင်း ထုတ်ပြန်ထား ပါသည်-

(­­­က)    မုန်တိုင်းငယ်အခြေအနေ

(၁)     ယနေ့မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ် နိုင်ငံအရှေ့တောင်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသော လေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် အနောက်- အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ် (Depression)အဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာ နိုင်ငံ၊ မောင်တောမြို့(Maungdaw)၏ အနောက်မြောက်ဘက် ရေမိုင် ၁၁၅ မိုင်ခန့်၊ စစ်တွေမြို့(Sittwe)၏ အနောက်မြောက်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ပတ်တု(အ)ခါလီမြို့(Patuakhali)၏ အရှေ့တောင်ဘက် ရေမိုင် ၃၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ကန်နင်းမြို့(Canning)၏ အရှေ့ဘက် ရေမိုင် ၁၂၀ မိုင်ခန့်နှင့် ကိုးလ်ကတ္တားမြို့(Kolkata)၏ အရှေ့-အရှေ့တောင်ဘက် ရေမိုင် ၁၄၀ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)      မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

(ခ)     မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် (၂၁:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု ၂၂.၀ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၀.၈ ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား ၉၉၈ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၃၀ မှ  ၃၅ မိုင်နှုန်းခန့် ဖြစ်ပါသည်။

  (ဂ)    နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျား နိုင်ပြီး၊ နောက် ၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းခြေကို ပတ်တု(အ)ခါလီမြို့ အနီးမှ ဖြတ်ကျော်နိုင်ကာ နောက် ၄၈ နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကမ်းရိုးတန်း ဒေသများနှင့် အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည်နယ်တို့ကို ဆက်လက်ဖြတ်ကျော်နိုင် သည်ဟု ခန့်မှန်းရပါသည်။

(ဃ)  သတိပေးနှိုးဆော်ချက် 

အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့ညမှ ၁၅-၉-၂၀၂၄  ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသ အလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မိုးသည်းထန်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက် 

သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်း တိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု နိုင်ပါရန်နှင့် ပြည်တွင်းလေကြောင်းပျံသန်းရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိ ပြုနိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Sign Up

Upcoming Events