လေဖိအားနည်းရပ်ဝန်းအခြေအနေ

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၀၀)နာရီအချိန်တွင်  နာရီအချိန်တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ “လေဖိအားနည်းရပ်ဝန်းအခြေအနေ” ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်-

(က)   ယနေ့မြန်မာစံတော်ချိန် (၀၉:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားဒေ့ရှ်နိုင်ငံအရှေ့တောင်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း သည် အနောက်-အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး၊ နောက် (၄၈) နာရီအတွင်း ပိုမိုအားကောင်းလာနိုင်ကာ အနောက်ဘင်္ဂလားပြည်နယ် ကမ်းရိုးတန်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းရပါသည်။

(ခ)     အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ ဆက်လက်အားကောင်းနိုင်ခြင်းကြောင့် လည်းကောင်း၊ ယနေ့နံနက်မှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကာ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင် ပါသည်။

(ဂ)     မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၁ ပေခန့် ရှိနိုင်ပါသည်။

အကြုံပြုချက်

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက် ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များ အနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့်  ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြု နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

Sign Up

Upcoming Events