မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၃/၂၀၂၄)

(­­­က) မုန်တိုင်းငယ်အခြေအနေ

       ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းလွန်နှင့် အင်ဒရာပရာဒေ့ရှ်ပြည်နယ် မြောက်ပိုင်းကမ်းခြေတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ် (Depression)သည် အနောက် -အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်၏ အဝန်းအဝိုင်းသည် အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေကို ပူရီမြို့(Puri) တောင်ဘက်အနီးမှ စတင်ဖြတ်ကျော်လျက်ရှိပါသည်။

(ခ) နောက်(၂၄)နာရီအတွင်းခန့်မှန်းချက်

      အဆိုပါ မုန်တိုင်းငယ်သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်နှင့် ချက်တစ်ဂတ်ပြည်နယ်တို့သို့ ရောက်ရှိကာ နောက်(၂၄)နာရီအတွင်း လေဖိအား နည်းရပ်ဝန်းအဖြစ်သို့ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။

(ဂ) သတိပေးနှိုးဆော်ချက်

      အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၂၄)နာရီအတွင်း ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့နေရာများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေ သည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၉ ပေမှ ၁၄ ပေခန့် ရှိနိုင်ပါသည်။

အကြံပြုချက်

၂။ သို့ဖြစ်ပါ၍ မုန်တိုင်းငယ်၏အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ် ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး တွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြုနိုင်ပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေး၊ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်​လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Source: DMH

Sign Up

Upcoming Events