မုန်တိုင်းငယ်သတင်း အမှတ်စဉ်(၀၁/၂၀၂၂)

(၂၀၂၂ ခုနှစ်၊ မတ်လ (၃)ရက်နေ့ မြန်မာစံတော်ချိန်(၁၁:၀၀)နာရီအချိန်ထုတ်ပြန်ချက်)

(က)    မုန်တိုင်းငယ်(Depression)အခြေအနေ

(၁)          ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အနောက် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့တွင် ဖြစ်ပေါ်နေသော လေဖိအား နည်းရပ်ဝန်းသည် မြောက်-အနောက်မြောက်ဘက်သို့ရွှေ့လျားခဲ့ပြီး၊ မုန်တိုင်းငယ်(Depression) အဖြစ်သို့ ပိုမိုအားကောင်း လာကာ၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်း(Coco Island) မြို့၏ အနောက်တောင်ဘက် ရေမိုင်(၇၇၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်း (Hainggyigyun) မြို့၏ အနောက်တောင်ဘက် ရေမိုင်(၈၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နာဂါပတ္တနမ် (Nagapattinam)မြို့၏ တောင်-အရှေ့တောင်ဘက် ရေမိုင် (၄၂၀)မိုင်ခန့်၊ ပူဒူချယ်ရီ(Puducherry)မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၄၈၀)မိုင် ခန့်နှင့် ချင်းနိုင်(Chennai)မြို့၏ တောင်- အရှေ့တောင်ဘက် ရေမိုင် (၅၂၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

(၂)           မုန်တိုင်းငယ်(Depression)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေမရှိပါ သဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ် ပါသည်။

(ခ)     မုန်တိုင်းငယ်(Depression)၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါ မုန်တိုင်းငယ် (Depression)သည် မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၅.၃)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၄.၀)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၄)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၂)မိုင်နှုန်းခန့်ဖြစ်ပါသည်။

(ဂ)     နောက်(၄၈)နာရီအတွင်းခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်(Depression)သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ နောက် (၂၄) နာရီအတွင်း အားကောင်းသောမုန်တိုင်းငယ်(Deep Depression) အဖြစ်သို့ရောက်ရှိနိုင်ပြီး၊ သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်း မှတစ်ဆင့် နောက် (၄၈)နာရီအတွင်း အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)မြောက်ပိုင်းကမ်းခြေသို့ ဦးတည်ရွေ့ လျားနိုင် သည်ဟု ခန့်မှန်းရပါသည်။

 

Sign Up

Upcoming Events