Myanmar Unified platform for Disaster Risk Application (MUDRA) အား ဌာနဆိုင်ရာ အသီးသီးသို့ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနား

 8_Pic_01
နိုဝင်ဘာ ၇၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆက်စပ်ဦးစီးဌာနများနှင့် Asian Development Bank (ADB) တို့ ပူးပေါင်း၍ ကနေဒါနိုင်ငံအစိုးရ၏ ရန်ပုံငွေပံ့ပိုးကူညီမှုဖြင့် မြန်မာနိုင်ငံပြည်သူလူထု ရာသီဥတုနှင့် ဘေးအန္တရာယ်ဒဏ် ကြံ့ကြံ့ခံနိုင်စွမ်းမြှင့်တင်ရေးအတွက် နည်းပညာစီမံကိန်းအား ၂၀၁၇ခုနှစ်မှ စတင်ကာ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါနည်းပညာစီမံကိန်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် Myanmar Unified platform for Disaster Risk Application (MUDRA) (မုဒြာ) ဟု အမည်ပေး ထားသော Online Platform တစ်ခုကို အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။
MUDRA Platform ကို ဆက်စပ်ပတ်သက်သည့် ဌာနဆိုင်ရာအသီးသီးသို့ မိတ်ဆက် ဖြန့်ချိခြင်းနှင့် လက်တွေ့စမ်းသပ်အသုံးပြုခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် Park Royal Hotel၊ နေပြည်တော်၌ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် MUDRA Platform ကို အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းသည် နိုင်ငံတော်က အကောင်အထည်ဖော်ဆောင်ရွက်နေသော e -Government လုပ်ငန်းအား ဝန်ကြီးဌာနအနေဖြင့် တစ်စိတ်တစ်ဒေသ ဖော်ဆောင်ခြင်းပင် ဖြစ်ပါကြောင်း၊ အဆိုပါ e – Government ဦးဆောင်ကော်မတီ၏နာယက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က e – Government အမြန်ဖွံ့ဖြိုး တိုးတက်လာစေရန် ဆောင်ရွက် ရမည့် အရေးကြီးသည့် အချက်(၃)ချက်ကို လမ်းညွှန်မှာကြား ထားပါကြောင်း၊ ၎င်းတို့မှာ (၁) ကျွမ်းကျင်မှု၊ (၂) ရင်းနှီးမြှပ်နှံမှုနှင့် (၃) ပူးပေါင်းဆောင်ရွက်မှု တို့ပင်ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများအနက် ကျွမ်းကျင်မှုကို ရရှိနိုင်ရန် အချိန်ယူဆောင်ရွက်ရပါကြောင်း၊ ထိုနည်းတူစွာ ရင်းနှီးမြှပ်နှံမှုတွင်လည်း နိုင်ငံ၏ရန်ပုံငွေကြေးရရှိနိုင်မှုအပေါ်မူတည်၍ ဆောင်ရွက်ရသည့်အတွက် အကန့်အသတ်ဖြင့် ဆောင်ရွက်ရပါကြောင်း၊ တတိယအချက်ဖြစ်သည့် ပူးပေါင်းဆောင်ရွက်မှုသည် လက်ရှိလည်းဆောင်ရွက်နေပြီး ချက်ချင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းလည်းဖြစ်ပါကြောင်း၊ ယခု MUDRA သည် e -Government အတွက် ပူးပေါင်းဆောင်ရွက်မှု၏ နမူနာကောင်းတစ်ခုဖြစ်ပါ ကြောင်း၊အစိုးရသစ်တာဝန်ယူချိန် ၂၀၁၆ ခုနှစ်မှစတင်ကာ ဝန်ကြီးဌာနအနေဖြင့်ပြည်သူများအတွက် ဘေးဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းရှိသော လူ့အသိုက်အဝန်းတစ်ရပ်ဖြစ်ပေါ်လာစေရန် ဟူသော မူဝါဒကိုချမှတ်ပြီး အလေးထားဆောင်ရွက်ခဲ့ပါကြောင်း၊ MUDRA Online Platformကို ယခုကဲ့သို့ မိတ်ဆက်ဖြန့်ချိနိုင်ရေးအတွက် ၂၀၁၇ခုနှစ်မှစတင်ကာ ဌာနအဖွဲ့အစည်းအသီးသီး၏ ကြိုးပမ်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်မှုများဖြင့် အောင်မြင်စွာဆောင်ရွက်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ မည်သူမဆို အလွယ်တကူဝင်ရောက်လေ့လာနိုင်ရန်နှင့် အသုံးပြုနိုင်ရန် ဆောင်ရွက်ထား ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် သဘာဝဘေးဒဏ် ကျရောက်နိုင်ခြေမြင့်မားသော ဧရာ၀တီတိုင်း ဒေသကြီးအတွက် ကနဦး သီးခြားဆန်းစစ် လေ့လာမှုများပြုလုပ်ခဲ့ပြီးဖြစ်ရာ ရေဘေး၊ မုန်တိုင်း ဒီရေဘေးနှင့် မုန်တိုင်း လေပြင်းဘေးများ ကျရောက်နိုင်ခြေ ခန့်မှန်းတွက်ချက်ခြင်းနှင့် စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် လိုအပ်သော မြို့နယ်အလိုက်အန္တရာယ်ပြမြေပုံများကို ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၏ သိုလှောင်ရုံများ၊ ဘေးဒဏ်ခံအဆောက်အဦများနှင့် ပတ်သက်သော အချက်အလက်များကို လေ့လာနိုင်ပြီဖြစ်ကြောင်း၊ ယခု Platform ပေါ်တွင် ဌာနပေါင်း (၂၆)ခု၏ အချက်အလက် များကို ထည့်သွင်းထားပြီး နောက်ပိုင်းတွင်လည်း သက်ဆိုင်ရာဌာနများက မိမိတို့၏ သတင်းအချက်အလက်များကို အချိန်ကာလ အပိုင်းအခြားပေါ်မူတည်ပြီး နောက်ဆုံးအခြေ အနေများကို ဖြည့်သွင်းပေးကြရန် လိုအပ်ကြောင်း၊ MUDRA Platform က ရရှိသော အသိပညာ အချက်အလက်များကိုအသုံးချ၍ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်းများတွင် ပိုမိုထိရောက် အောင် ထိခိုက်ဆုံးရှုံးမှုများကို အစွမ်းကုန်လျှော့ချပေးနိုင်အောင် ပူးပေါင်းကြိုးပမ်း ဆောင်ရွက် နိုင်ကြမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲ မှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးစေရေးလုပ်ငန်းစဉ်တွင် ပြည်သူများ သဘောပေါက်နားလည် စေမည့် စွမ်းဆောင်ရည်ရရှိစေခြင်း၊ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များတွင် ဘေးဒဏ်ခံနိုင်ရည်ရှိသော ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်နိုင်စေမည့် စွမ်းဆောင်ရည် ရရှိစေခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်မှုများအတွက် ရန်ပုံငွေကြေးသတ်မှတ် ဆောင်ရွက်ခြင်းကိစ္စရပ်များတွင် သိမြင်သဘောပေါက်မှုနှင့် စွမ်းဆောင်ရည်ရရှိစေခြင်းစသော ရလဒ်ကောင်းများဖြင့် အကျိုးပြုနိုင်မည်ဟု မျှော်လင့်ပါ ကြောင်း ပြောကြားခဲ့ပါသည်။
ထို့နောက် ကနေဒါသံရုံးမှ Head of Cooperation ဖြစ်သူ Ms. Eileen Stewart နှင့် ADB ၏ Country Director ဖြစ်သူ Mr. Newin Sinsiri တို့က MUDRA Online Platform အောင်မြင်စွာ တည်ဆောက်နိုင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့မှုများနှင့် ဂုဏ်ယူဝမ်းမြောက်စကားများ အသီးသီး ပြောကြားခဲ့ကြပါသည်။
အခမ်းအနား၏ ဒုတိယပိုင်းတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ချုပ်က MUDRA နှင့်ပတ်သက်၍ မူဝါဒပိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးက MUDRA Platform အသုံးပြုမှုနှင့် ပတ်သက်၍ဆွေးနွေးတင်ပြခဲ့ပါသည်။
အဆိုပါ MUDRA Online Platform အား ဌာနဆိုင်ရာအသီးသီးသို့ မိတ်ဆက်ဖြန့်ချိခြင်း အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအင်ဂျင်နီယာချုပ်၊ ဌာနဆိုင်ရာများ၊ ADB နှင့် ကနေဒါ သံရုံးမှတာဝန်ရှိသူများ ကိုယ်စားလှယ် စုစုပေါင်း(၁၀၀)ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိ ပါသည်။
#hl1
#npw_nov2019

 

Source: MSWRR

Sign Up

Upcoming Events