အမြဲတမ်းအတွင်းဝန်ဦးစိုးအောင်အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံမှုသတင်း

၁၈.၇.၂၀၁၇
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဦးစိုးအောင်အား ကုလသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ Ms. Yanghee Lee ဦးဆောင်သောအဖွဲ့မှ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ ယနေ့နံနက်(၁၀)နာရီတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူနှင့် အမေရိကန် နိုင်ငံ၊ နယူးယောက်မြို့သို့ ပြည်ပခရီးသွားရောက်နေပါ၍ အမြဲတမ်းအတွင်းဝန်မှ လက်ခံ တွေ့ဆုံခြင်းဖြစ်ကြောင်းနှင့် ဆိုင်ကလုန်းမိုရာကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ထိခိုက်ပျက်ဆီးမှုများရှိခဲ့ပြီး ရခိုင်ပြည်နယ်သည် ပျက်ဆီး ဆုံးရှုံးမှုအများဆုံးဖြစ်ခဲ့သည့်အခြေအနေများ၊ထို့ပြင် ပြန်လည်ထူထောင်ရေးအတွက် ဝန်ကြီး ဌာနနှင့် နိုင်ငံလုံးဆိုင်ရာလူသားချင်းစာနာမှုအဖွဲ့ (Humanitarian Country Team)၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးနေသည့် အခြေအနေများ၊ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း မိုရာအတွက် ထောက်ပံ့ရေးလုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ဘက်ဂျက်ရန်ပုံငွေ တို့ဖြင့် ထောက်ပံ့ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ်မှ ကယ်ဆယ်ရေးစခန်း(၃)ခု ပိတ်သိမ်း၍ ပြန်လည်နေရာချထားရေးဆောင်ရွက်မှု အခြေအနေများ၊ မောင်တောခရိုင်တွင် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနရုံးခွဲ ဖွင့်လှစ်ထားရှိပြီးဝန်ထမ်းအင်အား တိုးချဲ့ရေးအခြေအနေများ၊ ကလေးသူငယ်အခွင့်အရေး ဥပဒေကို အများပြည်သူ၏ သဘောထားမှတ်ချက်သိရှိနိုင်ရန် သတင်းစာတွင် ထုတ်ပြန်ပေး မှုနှင့် အမျိုးသမီးများအား အကြမ်းဖက်မှုမှတားဆီးကာကွယ်ရေးဥပဒေ အတည်ပြုနိုင်ရေး လုပ်ငန်းစဉ်အခြေအနေများ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ပါ ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ရည်မှန်းချက်များ အကောင်အထည်ဖော်မှုအခြေအနေများ၊ အမျိုးသမီးများအား အကြမ််းဖက်မှုများအား အကာ အကွယ်ပေးနိုင်ရန် ရန်ကုန်မြို့တွင် အကြမ်းဖက်ခံရသော အမျိုးသမီးများအတွက် ဝန်ဆောင်မှုများ တစ်နေရာတည်းတွင် ရရှိနိုင်သောနေရာ (One Stop Women Support Centre) ထူထောင်ထားရှိပြီး မန္တလေးမြို့တွင် စင်တာတစ်ခု ထပ်မံဖွင့်လှစ်ရေးကိစ္စများ၊ လူမှုရေးဝန်ဆောင်မှုများ၊ ဘေးအန္တရာယ်သတင်းများနှင့် ထောက်ပံ့ကူညီ ပေးရေးကိစ္စ ရပ်များအတွက် ဝန်ကြီးဌာနသို့ဆက်သွယ်အကူအညီတောင်း နိုင်သော Help Line/Hot Lineတယ်လီဖုန်းလိုင်းများ ဖွင့်လှစ်ဆောင်ရွက်မှုအခြေအနေများ၊ တနိုင်းဒေသမှ လက်နက် ကိုင်ပဋိပက္ခကြောင့် ရွှေ့ပြောင်းလာသူ ပြည်သူများအတွက် ဝန်ကြီးဌာနမှ ကူညီ စောင့်ရှောက်ပေးနေမှု အခြေအနေများကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ ကြပါသည်။ ဆွေးနွေးပွဲသို့ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာနတို့မှ သက်ဆိုင်ရာတာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိပါသည်။

Sign Up

Upcoming Events